Tuesday, May 12, 2015

ဘ၀ခြားလဲ သတိရတယ်


နှုတ်ဆက်နေကျ Morning
သောက်နေကျ ကျဆိမ့်တစ်ခွက်
ပြောနေကျ ဟာသတွေရယ်
ခုလို အေးစက်သွားမယ်လို့
ငါတွေးတောင် မထားဘူးဟာ။
ပြန်မရတော့ပေမယ့်
သတိတော့ရမိတယ်
ဘ၀ခြားမှာ နင်ရောအဆင်ပြေလား။
အမျှတွေဝေရမှာလား
လွမ်းနေရမှာလား
ခုထိတော့ နင့်ကို မမေ့သေးဘူး။

Monday, November 10, 2014

သူ့ကို ချစ်တာ အရူးအမူး

အတွေးလေးထဲ
ချာလည်လည်
နင့်ကိုချစ်တာ
တစ်ကမ္ဘာကွယ်
နောင်ခါအတွက်
မရည်စူး
ဒီဘ၀မှာ
အချစ်ဦးမို့
နင့်အချစ်ကို
အရူးအမူး.......................။

မဖတ်ချင်တော့တဲ့ ပုံပြင်

ဖေဖော်ဝါရီ အချစ်လတဲ့လား။ သီချင်းတစ်ပုဒ်မှာ ကြားဖူးလိုက်ပါတယ်။ ဖေဖော်ဝါရီ ဒီလပေါ့ တို့တွေ ဆုံခဲ့ကြတာ။ အချိန်က ညီအစ်ကို မသိတသိ အချိန်။ လူလုံးမကွဲတော့တဲ့အချိန်ပေါ့။ အဲ့ဒီအချိန်တွေ ကျော်လွန်ခဲ့တာ နွေ၊ မိုး၊ ဆောင်း တော်တော်ကြာပြီ ထင်ပါရဲ့။ နှစ်တိုင်း အဲ့နေ့လေးကို ကိုယ်တစ်ယောက်တည်းကျော်ဖြတ်ခဲ့မိတာလဲ ကြာခဲ့ပါပြီ။ အတိတ်ကို အတိတ်မှာပဲ ထားလိုက်တော့မယ် ဆိုမှ ပြန်လည်တူးဆွဖို့ မကြိုးစားပါနဲ့လားကွယ်။ မေ့နေပြီးသားပဲ ပြန်လည်တူးဖော်ပြီး ကစားမလို့လား။ ကိုယ်ကြောက်ပါတယ်။ အတိတ်ဆိုတာ အတိတ်မှာပဲရှိသင့်တယ်မလား။ ပြန်လည် တူးဖော်မယ် ဆိုရင် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိ တူးဖော်လိုက်ပါကွယ်။ အပေါ်ယံရှပ်ယုံတော့ တူးဖော်မနေပါနဲ့။ အချိန်ကုန်လူပင်ပန်းပါတယ်။ ကိုယ်အခုဆို တစ်ယောက်ထဲ ကျင့်သားရအောင် ကြိုးစားနေတာ အခြေအနေ တစ်ခုထိရနေပါပြီလေ။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ခဲလုံးလေးတွေ လာမပစ်ပါနဲ့လားကွယ်။
 တစ်ကယ်ဆို ကိုယ့်နှလုံးသားက ခုမှ တည်ငြိမ်ကာစမို့ပါ။ အတိတ်က အကြောင်းတွေကို ပုံပြင်တစ်ပုဒ်လိုပဲ ကိုယ်စာအုပ်ထဲ ထည့်သိမ်းထားခဲ့တာပါ။ ပုံပြင်ဖတ်ဖို့ ပြန်လာတာပါဆိုရင် ကိုယ် ပြန်ပေးမဖတ်ပါရစေနဲ့။ အနာတရတွေရှိနေတဲ့ အဲ့ပုံပြင်ကို ကိုယ် ထပ်မဖတ်ချင်တော့လို့ မမြင်ရတဲ့နေရာလေးမှာ ကိုယ်သိမ်းထားလိုက်ပြီ။ ခုလိုအခြေအနေမှာ နေသားတကျ အစီအစဉ် တကျနေကျတာပေါ့။ ရောက်တဲ့နေရာ ကျရာနေရာမှာ မပျော်လဲ ပျော်အောင်သာနေပါ။ လမ်းခွဲစကားဆိုပြီး ကွဲကွာသွားတာမဟုတ်လို့ လမ်းတွေ့ရင်တော့ ပြုံးပြနိုင်ပါတယ်ကွယ်။

Thursday, January 5, 2012

မန်းလေးမြို့

 ကျွန်မလေမြို့တွေထဲမှာ မန်းလေးမြို့ကို အချစ်ဆုံးလို့ပြောမယ်။(ချစ်မှာပေါ့ မွေးကတည်းက မန်းလေးမှာပဲနေလာတာ :) ) ကျွန်မ ချစ်တဲ့ မန္တလေးမြို့မှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ရဲ့ မင်းနေပြည်တော်ရှိတယ်။ သာယာလှတဲ့ ကျုံးကြီးလဲရှိတယ်။
 ခုလို ဆောင်းမနက်ခင်းလေးမှာ မနက်စောစော ကျုံးဘေးမှာ လမ်းလျှောက်ရတာလဲ ပျော်စရာကောင်းတယ်ရှင့်။ မနက်ခင်း ၅ နာရီ မိုးမလင်းခင်လေးမှာ မင်္ဂလာတံတားပေါ် ကြက်တောင်ရိုက်ရတာလဲ ပျော်စရာကောင်းပါတယ်။
(ကျုံးရေစပ်ထဲကို ကြက်တောင်ကျသွားလို့ ကောက်ရရင်တော့ ရင်တထိတ်ထိတ်ပဲ)။အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတဲ့အတိုင်း မန္တလေးတောင်လဲရှိတယ်။
 ကျုံးဘေးကို လမ်းမလျှောက်ချင်ရင်လဲ မနက်စောစော မန္တလေးတောင်တက်ရတာလဲ ပျော်ဖို့ကောင်းတယ်ရှင့်။
 ကားတွေကို အခွန်ကောက်တဲ့နေရာကျော်တော့ အရှေ့ဘက် တောင်တန်းတွေက   နေ၀န်းနီနီထွက်ပေါ် လာတာကို မြင်ရတာလဲ ရင်သပ်ရှု့မောရအောင် အတော်လေးလှတယ်ရှင့်။
မန္တလေးတောင်ပေါ်က ဆင်းလာပြီး နန်းရှေ့ ရွှေလက်ရာက မုန့်ဟင်းခါးသောက်ရတာလဲ အရမ်းကြိုက်တယ်။ (၀ယ်ကျွေးချင်သော သူငယ်ချင်းများကို လမ်းကြောင်းပေးထားပါသည် :P)
 ညနေ နေ၀င်ခါနီး အချိန် မန်းလေးတောင်ပေါ်ကနေလှမ်းကြည့်မယ်ဆိုရင်လေ အနောက်ဖက်မှာ ကွေ့ကွေ့ကောက်ကောက်စီးဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံးမြစ်တစ်ခု ဖြစ်တဲ့ ဧရာဝတီကို တွေ့ရမှာ။
ဆည်းဆာနေညိုချိန်အောက်က စစ်ကိုင်းတောင်ပေါ်က ဘုရားတွေကို ဒီဘက်ကမ်းကနေ လှမ်းမျှော်ဖူးရတာ ကြည်နူးစရာ အရမ်းကောင်းပါတယ်။
ညနေခင်းလေးမှာ မန္တလေးတောင်ကို မသွားဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်ခြမ်းကို သွားမယ်ဆိုရင်လေ ကျွန်မကတော့ ဦးပိန်တံတားကို သွားစေချင်တယ်ရှင့်။
 ဦးပိန်မှာ ညနေခင်းနေ၀င်ချိန်လေးမှာ တံတားပေါ်လမ်းလျှောက်ရင်း တောင်သမန်အင်းကို ဖြတ်တိုက်လာတဲ့ အေးမြတဲ့ လေညှင်းလေးကို ရှုရှိုက်ရင်း ရင်ထဲက အမောတွေကို ခဏတာတော့ မေ့ဖျောက်ပစ်နိုင်ပါတယ်။
 မြို့ထဲကို ပြန်လာတဲ့အခါ ကန်တော်ကြီးဘေးမှာ ဆိုင်ကယ်လေးပတ်မောင်းရင်း မန္တလေးကန်တော်ကြီး အလှကိုတွေ့မြင်ရအုန်းမှာပါ။
ကျွန်မကတော့ မန်းလေးမြို့ကြီးကို သိပ်ချစ်တယ်ရှင့်။ (ဒီစာလေးမှာ အမှားလေးများပါရင် ခွင့်လွှတ်ပါရှင်။ လိုအပ်တာလေးများလဲ အကြံပေးသွားပါအုန်းနော် :) )